Sunday, September 13, 2009

ငါးတစ်ကောင်နဲ့မျောပါခြင်း



ညနေပိုင်း..
ရေချိုးဖို့ မြစ်ဆိပ်ဆင်းလာတဲ့
ငါးတစ်ကောင် နဲ့ ဆုံဖြစ်တော့
ဘာမှကျော့မော့နေစရာ မလိုအောင်
အမောင်..ငါး.က စပြီး မိတ်ဆက်ခဲ့။

ဒါ..
စိတ်ပျက်စရာ အပြုအမူ မဟုတ်ဘူးလေ
ခပ်ပုတ်ပုတ်မျက်နှာထား မဖြစ်တဲ့
မျက်နှာနဲ့ ကြားနာသူ သက်သက်သာ
ငါ သရုပ်ဆောင်လိုက်တယ်။

ရေကူးကျွမ်းတဲ့ ငါး လို့ သူမပြောပေမယ့်
ရေ နဲ့ အတူ သွားလာနေရတာတော့
ကြားရတယ် ။
(မြောင်းထဲကနေပင်လယ်အထိနေမှာပေါ့)
သူ့ဘဝ က ဘယ်ကနေစ ဘယ်လိုဆုံးမလဲ
ခပ်ပြုံးပြုံး လုပ်ရင်း နှူတ်ခမ်းမွေး သပ်လိုက်တယ်
ကျပ်မပြည့်ဘူး ဆိုချင်ဆို..
နဂိုကတည်းကမှ ငါး ဆိုတာ ရေထိုးခံ
အလေးထိုး ခံရမယ့် အကောင်၊
ဒီလိုနဲ့...ညမှောင်လွန်းအားကြီးတဲ့
အချိန်ရောက်တာတောင်
စကားစမပြတ်ချင်သေးဘူး။

မူးမူး နဲ့ ပိုက်ချတဲ့ဘက်
ခပ်မိုက်မိုက် တိုးကြည့်တာကော
တကောင်စားဖို့ အာခေါင်ဖြဲတာကော
ကိုယ့်ကိုယ်ကို မရောင့်ရဲတာကော
ဒေါင်လိုက်ကူးခတ် ရင်း ကိုယ့်ကို
ငါးမျှားချိပ် ထိပ်တက်လိုက်တာကော
ကောင်းကွက် ဆိုးကွက် ချခင်း
ရေခင်းပြနေပုံ မျက်လုံးထဲ
ခင်ဗျားတို့ မြင်ယောင်သာကြည့်ကြ။

လေသင်တုန်းဖြတ်မှာ ကြောက်လို့
ခပ်မြန်မြန် ရေချိုး ဆပ်ပြာတိုက်နေမှ
သူ က ..အအေးမခံ နဲ့
နေ့တိုင်းလက်ကိုသေချာဆေးတဲ့။
ငါ တို့က ချေးအညီအညှော် အတွက်ရေချိုးတာ
သူတို့ က ခန္တီပါရမီ နဲ့ ရေတိုးတာ
ဘာကိုဆိုလိုတာ မရှင်းပြပေမယ့်
ရင်တွင်း စိတ် အရောင်
အဖြူရောင်ပြောင်လက်အောင်
အသက်မှန်မှန်ရှူ လေ့ကျင့်ပါ
တနေ့နှစ်ခါ ပုံမှန် ရေချိုးပါတဲ့။

ငါ က မွေးရာ ပါ အမှား ပါ လို့ လား
ငါး က ငါ့ကို အမှာ ပါး လို့လား
ဘာကိုဂရုထားရမှာ လဲ ချစ်ဆွေ
ကူစဉ်းစားပေးအုံးလေ။ ။


ဗစ်တာထွန်းဇေ


........................................

အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

1 comments:

may16 said...

ကောင်းတယ်ဖတ်လို့ အမေ့လက်ရာရေ
အလုပ်တွေရှုပ်နေလား