Friday, February 19, 2010

ကွန်း

တွေ့ကြလားဟေ့..
ဟန်ဆောင်ကချေသည်
(ကျွန်းတကျွန်းရဲ့ရင်ခုန်သံ)
ကပိုကရိုနဲ့ဆံနွယ်ဖားလျားချ
ဖားဖိုရှိုက်သံလို သူ့ရင်အစုံ
မို့မောက်နေလိုက်ပုံက..
ကမ္ဘာကျော် ဟိုမော်ဒယ်တယောက်နှယ်။

ဘာ
ကာရံတဲ့လား...
သေချာ ပြန်နားထောင်စမ်းပါ
ကြားရတာ စုန်းမတကောင်ရဲ့အော်ငြီးသံ
မှော်တွေ ပြိတ္တာ တွေ ကဝေတွေ
နေရာအပြည့် လျှောက်ခုန်နေတာ။

ဟေ့..ဟေ့
ခေါင်းမထောင်နဲ့ ဝပ်နေကွ
မြေကြီးနဲ့တသားတည်းဖြစ်အောင်မှောက်ထား
နောက်ဖက်နားက ဓါးတွေ
လက်မည်းမည်းနဲ့ ကျောစိုက်ဖို့ချောင်းနေပြီ။

နေပူစာလှုံစရာလေး..
တို့အတွက် မရှိပေမယ့်
မြောင်းထဲက ငါးတွေမှာ
လေးကိုင်းတွေ (မြှားအပြည့်)နဲ့
သူငယ်ချင်း..
မင်းမျက်နှာမမဲ့နဲ့ ကွ
တဘဝစာ...
ခပ်ကင်းကင်းရှောင်မရတော့ရင်
သတ်ကွင်း ပဲ ရဲရဲဖြတ်လျှောက်ရုံ။

ပုံအောပေးလိုက်ရတိုင်း
တခုခုတော့..
ပြန်ရကိုရမယ်ဆိုတာ မမေ့ကြနဲ့
လတ်ဆတ်တဲ့ ပန်းခင်းတွေ
သံသာတဲ့ ဂီတတွေနဲ့
ငါတို့စံမယ့်နန်း
ငြိမ်းချမ်းတဲ့စခန်း
ဒီ..ကျွန်းရဲ့တဖက်
မိုးကုပ်စက်ဝိုင်းအစွန်းမှာ။


ဗစ်တာထွန်းဇေ


(မလေးရှားက ..ကျွန်တော့်ရွှေညီအကိုရောင်ရင်းများသို့
ရည်ရွယ်ပါသည်။)
>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Wednesday, February 17, 2010

သူငယ်ချင်းများသို့

မေ့မေ့ပျောက်ပျောက်နေလာလိုက်တာ
တော်တော်ကြာအောင်စဉ်းစားမှ....
အတူတူ လုပ်ဖော်ကိုင်ဖက် သောက်ဖော်
သောက်ဖက်(ရဲဘော်ရဲဘက်သူငယ်ချင်း)
ဆိုသူကို ပြန်သတိရမိတယ်။

သူက မလေးရှားတရုပ်လူမျိုး၊
စက်ရုံတခုမှာအတူတူ တွဲ အလုပ်လုပ်ကြရင်း..
အလုပ်အပြောင်းရွှေ့ကိစ္စတွေကြောင့်၊
.....ကြောင့်၊....ကြောင့်
တဦးနဲ့တဦး လူချင်းတွေ့ဖို့မပြောနဲ့
ဖုံးလေးနဲ့တောင်မဆုံဖြစ်တာ
နှစ် နှစ်ကြာအောင်ပါပ။ဲ

မလေးလို ရေးထားတဲ့ Yahoo က
သူပို့ထားခဲ့တဲ့ အီးမေးလ်
ကို ဖတ်မိမှ သူ့ကို ပြန်အမှတ်ရမိတယ်။
သူ့အမှတ်တရ အနေနဲ့ သူပို့ပေးတဲ့
“သူငယ်ချင်းများသို့”ကို ဒီည ပို့စ်လေး
အဖြစ် ဖန်ဆင်းလိုက်ပါတယ်။





“သူငယ်ချင်းများသို့”

မင်းလည်း..ငါ့လို
ငါလည်း...မင်းလို
တဦးက တဦးကိုတွေးထင်နေမယ်ပ့
“အချိန်က ကတိုက်ကရိုက်နိုင်ရတဲ့အထဲ
မီးရထားအမှီ ပြေးလွှားနေကြမလား
ထမင်းစားဖိတ်ထားတဲ့
ညနေစာသူငယ်မ အတွက်
လက် က နာရီ မြန်လွန်းနှင့်မလား၊
များပြားလွန်းတဲ့ လူမှူရေးတွေနဲ့
ကောင်းကောင်းရော အိပ်စက်ပျော်နိုင်မလား”။
ဒီည..
အိပ်မက်လှနိုင်ပါစေ ..သူငယ်ချင်း
ငါကြောင့် အနှောင့်အယှက်မဖြစ်စေလို။

အချိန်တိုတောင်းတာလား...
မြန်လွန်းနေတာလား...
မကြားရတာကြာပြီ
မင်းဆီက သတင်းတွေ
အိမ်ပြတင်းတံခါးဝရှေ့
ဝှေ့ရမ်း လက်ပြနှူတ်ဆက်မှုတွေ
ဘယ်ဆီမှာလဲကွယ်။

မင်းလည်း..ငါ့လို
ငါလည်း...မင်းလို
တဦးက တဦးကိုတွေးထင်နေမယ်ပ့
“အို...ဘယ်သူက အရင်စရမှလဲ
တကယ်ဆို အနေသာကြီး
ငါပြောပေးလို့....သူအလုပ်ရတာပဲ
ငါကသာ သူ့ကျေးဇူးရှင်အစစ်
သူက စပြီး ငါ့ဆီ မှန်မှန် Greetings
လုပ်သင့်တာပါ။ငါက စပြီး ဘာမှမေးမနေနိုင်ပေါင်။”

သူငယ်ချင်း...
တို့ရဲ့ ခင်မင်မှူတွေက
အချိန်နာရီတွေကို စတေးပြီး
တည်ဆောက်ခဲ့ရတာပါ။
နားလည်ခွှင့်လွှတ်ခြင်း
ကင်းမဲ့နေတော့မှ
စိမ်းကားခြင်း..တံတိုင်းတဖက်မှာ
ရာသက်ပန် မင်း နဲ့ ငါ ခပ်ခွါခွါ။

တကယ်တော့..
ကဗျာ တပုဒ်က
မင်း နဲ့ ငါ့ လိုပါ
ဟိုတလုံး ဒီတလုံးစားလုံးလေးတွေ
ကာရံ နဲ့ပေါင်းစပ်ထားကြတာ။

သူငယ်ချင်း...
မင်း က မေ့မေ့
မင်း က သတိမပြု
ဘယ်လိုဖြစ်ဖြစ်...
ငါ ကပဲ စပြီး...
နှုတ်ဆက်ဆုတောင်း
နေကောင်းကျန်းမာ
သာယာတဲ့ဘဝမျိုး
တသက်လုံး ဖြစ်နိုင်ပါစေ။

အတွေးစုစု တွေထဲမှာ
မင်း ကို သတိတရ
မမေ့နဲ့ သူငယ်ချင်း
လှပတဲ့ တို့သူငယ်ချင်းဘဝ
ရွှေရောင်ပုံရိပ်တွေက
အပေါ်ယံခြယ်မှုန်းမှူကင်းတဲ့
တကယ့် အဖိုးထိုက်ရွှေပါ။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Sunday, February 14, 2010

GONG XI FA CAI (ဟက်ပီး တရုပ်နှစ်ကူး)



ဖေဖော်ဝါရီ ၁၃ ရက် (မနေ့က) နေ့လည်ခင်း
ထမင်းစားဆင်းချိန် သတိပြုမိတာတခုက..
စင်္ကာပူလမ်းမတွေ အလယ် ရုတ်တရက်
ကားသွားကားလာ လူသွားလူလာ ခြောက်ခြောက်
ကပ်ကပ်နိုင်လှတာကိုးပဲ။

သူ့နိုင်ငံသူ့သဘာဝက အလုပ်အရမ်းရှူပ်နေတဲ့ကျွန်း၊
ဘယ်သူ့ဘယ်ဝါ ဘယ်လိုဘယ်အရာ ကားကြီးကားငယ်
အသွယ်သွယ် သူ့ထက်ငါ အပြေးလွှားလှုပ်ရှားနေရတဲ့
အရပ်(ဒေသ)လေ။

ဇွဲရှိရှိနဲ့ စောင့်ရင်း ရှားရှားပါးပါး စီးခွင့်ရခဲ့တဲ့
အဌားကား(တက္ကစီ)ဒရိုင်ဘာ နဲ့ စကားလက်ဆုံကျမှ
ညနေပိုင်း တရုပ်ရိုးရာနှစ်ကူးပွဲတော်(eve)အကြောင်း
မလေးနိုင်ငံဖွား တရုပ်လူမျိုးတွေ၊အခြားတရုပ်လူမျိုးတွေ
နိုင်ငံသားတရုပ်လူမျိုးတွေ အားလပ်ရက်ရက်ရှည်
မိသားစု ခရီးထွက်ကြတဲ့ အကြောင်း
ခေတ်မှီလွန်းတဲ့ စနစ်တွေအကြောင်း ၊ဈေးနှူန်းကြီးမြင့်
မှူတွေ အကြောင်း တစေ့တစောင်းလေး ကြားခဲ့ရတယ်။



လူမျိုးစုအားဖြင့် တရုပ် မလေး အိန္ဒိယ နဲ့
အခြားနိုင်ငံသားတွေ ပေါင်းစည်းနေထိုင်တဲ့ကျွန်းကလေးရဲ့
အထင်ကရ ပွဲတော်တွေထဲမှာ နှစ်စဉ် ဖေဖော်ဝါရီလတိုင်း
ခြိမ့်ခြိမ့်သဲသဲ ကျင်းပတဲ့ တရုပ်ရိုးရာနှစ်သစ်ကူးပွဲတော်
ကလည်း စည်စည်ကားကားပါပဲ။
ဝေဝေဆာဆာ ပွဲတော်ဓါတ်ပုံအလှတွေ
ပြည့်ပြည့်စုံစုံ ကြည့်ချင်ရင်ဖြင့်..
သူ့နိုင်ငံသားတဦး ရဲ့ ဘလော့စာမျက်နှာ “ဒီ”
မှာ ကြည့်နိုင်ပါတယ်။

ကိုယ့်မှာတော့..
Gong Xi Fa Cai
ဟက်ပီး ချိုင်းနိစ် နယူးရီးယား



ကျားနှစ်ဆိုတော့..
အားလုံးကြားရအောင်
ကျယ်ကျယ်အော်ရင်း..
ဗမာပီပီ ရုံးပိတ်ရက်သုံးရက်ကို
အကျိုးရှိရှိ ဇိမ်ကျကျ အိမ်အခန်းမှာ
ကောင်းကောင်းသောက်(မှားလို့)
ကောင်းကောင်းနား ပါမည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပျော်ရွှင်ချမ်းမြေ့လို့ သာယာလှပတဲ့နေ့များဖြစ်နိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

ချစ်သော..အေး သို့

ချစ်သော အေးရေ..
အနီရောင်နှင်းဆီမွှေးတစည်း
တရင်းတနှီး အနေနဲ့..
လက်ဆောင်ပေးပါရစေ။

မနက်ဦး မှာ စောစောစီးစီး
ပြောထွက်မယ့် စကားတခွန်း
ကြိုသိနှင့်နေမလား။

ဒီနေ့က...မင်းသိထားတဲ့
ကမ္ဘာ့ချစ်သူတွေ နေ့

ဒါထက်..မနေ့က
ငါတို့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
မွေးနေ့ရက်ထူး
သမိုင်းဝင် မဟာအာဇာနည်သူရဲကောင်းကြီးရဲ့
ဖွားမြင်ခဲ့ မင်္ဂလာနေ့စွဲလေ။

ဖေဖော်ဝါရီ(၁၂)ရက်
တနေ့ကဆိုရင်ဖြင့်..
ဗိုလ်ချုပ်အောင်ဆန်း နဲ့
တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦး
လွတ်လပ်ရေးအတွက်
တောင်ပေါ်မြေပြန့် မခွဲခြား
တန်းတူညီမျှ အတူတကွ
ပေါင်းစည်းစာချုပ် လက်မှတ်ထိုး
ရှမ်းပြည်နယ် ပင်လုံမှာ
ပြည်ထောင်စုညီညွှတ်ရေး
ကျောက်တိုင် အုတ်မြစ်ချ
သမိုင်းဝင် စိုက်ထူတဲ့နေ့။

မေ့နေမလား...ချစ်ရတဲ့အေးရေ
တခါတလေ ငါ့နာမည် မင်းမေ့ချင်မေ့
မဖြစ်မနေ မင်းနှလုံးသားက
မြစ်ဖျားတည်တဲ့ ပုလဲဥမျက်ရည်တော့
မကြာမကြာ သူတို့အတွက် ဝေ့ကိုဝေ့ပါ။

သူ့ကျွန့်ဘဝ ကိုလိုနီ ဖက်ဆစ်ဆိုး
ဇွတ်တိုးပြီး ရဲရဲတောက် ဦးဆောင်
ဇာတိနတ်မောက် မကွေးခရိုင်က
၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက်သား
လွပ်လပ်ရေးအရသာ မခံစားရတဲ့
ငါတို့ နိုင်ငံလွတ်လပ်ရေးဖခင်ကြီး
မောင်ထိန်လင်း၊ဗိုလ်ချုပ်အောင်ဆန်း
ဦးအောင်ဆန်း၊ဘိုးဘိုးအောင်ဆန်းကို
မင်း..ရည်မှန်းပြီး ကျေးဇူးတင်ဆိုပါ
သာသာယာယာ တနှစ်တခါ
ဆုတောင်းကောင်းဖို့
ဖယောင်းတိုင်မီး ငြှိမ်းဖို့
မွေးနေ့ကိတ်လှီးဖို့ မဖြစ်ရင်နေ
ဆုံးမခဲ့တဲ့ ကောက်နုတ်ချက်အတိုင်းတော့
မလွဲမသေ လိုက်နာပေါ့။

ပျောက်သောသူ ရှာမှတွေ့ချင်တွေ့မယ်
ပေသားလိုခိုင်မာတဲ့ သမိုင်းကျောက်စိုင်
ပင်လုံမှတ်တိုင် မြင့်မားတဲ့တောင်တန်းကြီးတွေက
ခိုင်မာတဲ့ အဓိဌာန်
မရှာဖွေလည်း တို့သမိုင်းမှာ တွေ့ကိုတွေ့ရမယ်
လွတ်လပ်ရေးအတွက် မြေပြန့်တောင်ပေါ်အတူတကွ
ညီမျှခြင်းကို လက်တွေ့ကျကျ ခံစားမယ့်
ကိုယ်စားပြု လက်မှတ်တွေ ရေးစိုက်ရာ
ငါတို့တိုင်းရင်းသားလူမျိုးများရဲ့
သွေးစုမှတ်တမ်း အဖိုးထိုက် ပေလွှာ
ပင်လုံ ညီညွှတ်ရေး (ပြည်ထောင်စုကျောက်တိုင်)
ဒီဟာကို ကိုင်စွဲ..
ကိုလိုနီ ဖက်ဆစ် စနစ်တွေရိုက်ချိုး
တို့နိုင်ငံ လွပ်လပ်ရေးအဖိုးတန်တန်ရခဲ့တာ။

ခဏ လေး..
ငြိမ်..အချစ်ရေ
နှစ်မိနစ် သုံးမိနစ်ပေါ့
ခရစ်တော်အလိုကျပဲဖြစ်ဖြစ်
ဗုဒ္ဒနည်းပဲနေနေ
အလ္လာလိုပဲမှတ်မှတ်

ငါနဲ့အတူတူ..
ဘုရားတက် မင်းလက်က
နှင်းဆီမွှေး ပန်းစည်းလှူ
မနက်ဖြန်မွေးဖွားလာမယ့်
အနာဂတ်ကလေးကို
သမိုင်းသစ်ကောင်းကောင်း
ထိန်းကြောင်းနိုင်ဖို့
ပြီးဆုံးခဲ့တဲ့သမိုင်းဝင်
မဟာအာဇာနည် သူရဲကောင်းဖခင်ကြီး နဲ့
သမိုင်းတွင်၊စာမတွင်ခဲ့ကြတဲ့
ွလွတ်လပ်ရေးကြိုးပမ်း
မြေပြန့်တောင်ပေါ် တိုင်းရင်းသား
ဖခင်၊မိခင် အပေါင်းတို့အတွက်
ကောင်းရာကောင်းကြောင်း
ဆုမွန်တောင်းကြစို့။


ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ.
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Saturday, February 13, 2010

နောက်ဆက်တွဲ..အချို့

ခါးမြှောင်ကျိုက်
အားစိုက်လို့
တူးဆွလိုက်
မြင်ခွင့်ရမှာက
ရင်အစုံ
ဒဏ်ရာတွေ
အပြည့်။

သံတိုင်တွေ မြဲမြဲ
တင်းတင်းဆုပ်ကိုင်
ယိုင်မနေနဲ့
ခါးတွေမတ်လိုက်ကြ
ကောင်းကင်က တိမ်တွေဆီ
ဒူးမြှောက်တိုက်ပစ်။

ဈေးဆစ်မနေပဲ
ခပ်ကြမ်းကြမ်း နမ်းရှိုက်ကြည့်စမ်း
ဒုက္ခ က ပန်းလိုမွှေးကြူ
ကောင်းခြင်းတွေ မြှူဆွယ်နေတာ
တနွေလုံး မရပ်မနား
စဉ်ဆက်မပြတ် ကြားရမယ်။

ဗုံတွေတီးကြ
တဟီးဟီး ကကြ
အတူတူ ခုန်ကြဟေ့
ဘဝက..ဆက်ရန်
ဆက်ရန် နဲ့ ဘဝ
ဘယ်သူပြောတာလဲ
ဇာတ်သိမ်းခန်းပါလို့

ဝေဒနာမပါဘဲ
အဖြူထည် တနေ့စာ
မရောမစပ် ဒီအတိုင်း
မော့ကြည့်စမ်း
ဒုက္ခ က ပျားရည်စက်လို
ကံကောင်းမှုက
တနွေလုံး မရပ်မနား
စဉ်ဆက်မပြတ် ငိုနေတာ
အထူးအဆန်း ။။


ဗစ်တာထွန်းဇေ
...........................................

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)