Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, December 3, 2008

စစ်အတွင်းကကွဲကွာသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေပြန်တွေ့တဲ့နေ့


“စစ်အတွင်းကကွဲကွာသွားတဲ့ သူငယ်ချင်း
ညီအစ်ကိုတစ်တွေပြန်တွေ့တဲ့နေ့”



မောင်ချောနွယ်ဟုခေါ်သည်
သူကျုံးထဲကတက်လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။
မောင်ချောနွယ်ဟုခေါ်သည်
သူသံမဏိလမ်းက လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။

*
ဤကမ္ဘာမြေ၌ ကျွန်ုပ်ထွန်ယက်သမျှသည်
အသက်ဓာတ်သားဖြစ်ပါ၏။ ကဗျာဖြင့်စပ်ယှက်ခဲ့သော
ကျွန်ုပ်၏ နေ့ပေါင်းများစွာ ညပေါင်းများစွာအား
ကဗျာဖြင့်သူကောင်းပြုပါ၏။
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းဆိုခဲ့တယ်။

(၁)
“ကဲ အခုကစပြီး တစ္ဆေကဖီးကိုဖွင့်မယ်”
ရဲဘော်သူငယ်ချင်းတို့
“ငါတို့ဟာ စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတတွေဖြစ်ကြရဲ့”
ငါတို့တွေ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြရဲ့
ရှိစေတော့
သူရဲကောင်းမှတ်တမ်းမ၀င်ဘူး
ရှိစေတော့
ငါတို့ဟာ သူရသတ္တိရှိလို့ ကဗျာဆရာဖြစ်ခဲ့ကြတယ်
ကဗျာဆရာဆိုတာ
အဂတိမလိုက်စားဘူး
ဟော ကြည့်ပါလား
ကဗျာဆရာ အနန္တသူရိယအမတ်ဟာ
ကဗျာတစ်ပုဒ်နဲ့ ကြိုးစင်တက်ခဲ့တာ
မလှဘူးလား
လွှတ်လှ။
သေခြင်းတရားဆိုတာ
စောစောက လပ်ကီး လူစီယာနိုရယ်
ဘီယာဘူးတွေနဲ့ ပစ်ပေါက်လိုက်တော့
ဖန်တွေ မှန်တွေ ကွဲကျသွားကြတယ်မဟုတ်လား
လွှတ်လှတယ်။
သေချင်းတရားဆိုတာ
ရဲဘော်တို့ ရဲရဲမှတ်ထားကြ
စားပွဲပေါ်က ဖန်ခွက်တစ်လုံး
သမံတလင်းပေါ် ကျကွဲသလောက်ပဲ ရှိတယ်
လွှတ်လှ။
ငါတို့ရဲ့ ကဗျာဆရာ မောင်ချောနွယ် ပြောတာကတော့
သေခြင်းတရားဆိုတာ
လေယာဉ်ပျံတစ်စီးပေါ်ကနေ
လေယာဉ်ပျံတစ်စီး ပြောင်းစီးသလောက်ပါပဲကွာတဲ့
လွှတ်လှ။
ကဲ….နောက်ဘ၀မှာ နောက်ဘ၀ကူးရင်
နောက်ဘ၀ရောက်ရင်လည်း
ကဗျာဆရာဖြစ်ဦးမှာသေချာတဲ့
ငါတို့ရဲ့ သစ္စာတိုင်တရားရှိတယ်
ငါတို့ဟာ
လူတစ်သိန်း တစ်သန်းမှာမှ
ကဗျာဆရာတစ်ယောက်ဖြစ်တယ်ဆိုတဲ့
၂၁ ရာစု သီအိုရီရှိတယ်
ဟုတ်တယ်….ဟုတ်….
ဟုတ် ၁၀ ကြိမ်အော်ဟစ်ကြရဲ့
ကဲ…ခု အခမ်းအနာသစ်တစ်ခု မကျင်းပခင်
ငါတို့သူရဲကောင်းတွေကို
အရင်ဆုံးအလေးပြုကြရအောင်
ကဲ အားလုံးငြိမ်သက်ပါ
၁၅ မိနစ်ငြိမ်သက်ပေးပါ။

(၂)
(၁၅ မိနစ်ဆိုတာ ငါတို့ရဲ့နောက် ၁၅ဘ၀ကိုဆိုလိုတယ်)
နောက်၁၅ဘ၀ ကဗျာဆရာပေါ့။
ဟုတ်တယ် နောက်၁၅ ဘ၀ထိ
ငါတို့ဟာ ကဗျာဆရာပဲဖြစ်ရမယ်
ပထမဦးဆုံး ငါတို့ရဲ့ ကဗျာဆရာဖော်ဝေး
သူ့ကိုအလေးပြုကြ
၁၅ မိနစ်ငြိမ်
ဒုတိယမြေချစ်သူကို
သူ့ကိုအလေးပြုကြ
တတိယစစ်တွေနောင်လတ်
၁၅ မိနစ်ငြိမ်
စတုတ္ထ…မောင်စိမ်းခေါင်
ကဲ...ရိုးပြတ်တောမောင်အောင်ခက် ၁၅ မိနစ်ငြိမ်
ကဲ…အားလုံးသက်သာနိုင်ပြီ။
ခုချိန်ကစပြီး တစ္ဆေကဖီးကို ဖွင့်လှစ်လိုက်ပါပြီ
ကြိုက်သလိုနေနိုင်ပါတယ်
ကြိုက်သလိုပေါ့။
ရှေးဦစွာ“ရော်ဘင်ဟု”က သရဲမျက်နှာဖုံးကို စွပ်လိုက်တယ်
အားလုံးမျက်နှာဖုံးတွေ စွပ်လိုက်ကြရဲ့ 
အားလုံးတစ္ဆေတွေ၊ သူရဲတွေ၊ ဘီလူးတွေ၊ဖုတ် ပြိတ္တာတွေ
မှင်စာတွေဖြစ်သွားကြရဲ့။
အဲဒီခဏမှာပဲ
ဟောခန်းကြီးတစ်ခန်းလုံး မီးခိုးတွေ လှိုင်အူလာရဲ့
အားလုံးစီးကရက်တွေသောက်ကြ
ဘီယာတွေ၊ ၀ိုင်တွေ၊ ၀ီစကီတွေ သောက်ကြနဲ့
စကားတွေတဖြောင်းဖြောင်းထအောင် ပြောကြတော့ရဲ့
အားလုံးမီးတွေ မှိတ်လိုက်ကြ
အားလုံးကကြမယ်
အားလုံး အားလုံး
စိတ်လွတ်လပ် ကိုယ်လွတ်လပ်
ထောင့်မီး မီးလေးတွေလင်းလာ
အစိမ်း အနီ အပြာ အ၀ါ
ဟေ့…အသံတစ်သံပေါ်လာ
လူ့ဘ၀ဆိုတာ လေထဲက ဖယောင်းတိုင်မီးလေးပါ
အားလုံး Candle In The Wind ပဲ
ဒါပဲ… ဒါပဲ…ဒါပဲ…
အားလုံး ဖယောင်းတိုင်မီးတွေ ထွန်းညှိကြ
သီခင်းဆိုကြမယ်(သံပြီုင်)။

(၃)
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတွေ ပြန်တွေ့တဲ့နေ့
ဟေ့…စစ်သီချင်းတွေဆိုကြ
ချီတက်ကြမယ်…ကမ္ဘာသစ်ဆီ
ဟော…
သစ်ကုလားအုပ်ဟီသံတွေ မြင်းဟီသံတွေ
မော်တော်ကားသံတွေ ရဟတ်ယာဉ်သံတွေ…
ကဗျာဆရာတွေလာကြပြီဟေ့
အသံတွေကြားနေရပြီ
ခြင်္သေ့ဟောက်သံတွေ ကျားဟိန်းသံတွေ ဆင်နှာမှုတ်သံတွေ
ကလဲနက်မှုတ်သံတွေဝေဆာလို့
ငါတို့ ကဗျာဆရာတွေလာကုန်ကြပြီဟေ့
ကြိုဆိုလိုက်ကြရအောင်
ဟော…ကြည်ဝင်းတော၊ မိုဃ်းဇော်၊ ငွေယံဦး၏မိုးဝေးကိုရွေး၊ ၀င်းမြင့်၊ ခက်ထန်ပိုင်စိုး၊
ဇော်ဝင်းတင့်၊ကမ္ဘာပု
စတီးလ် အစရှိသော
လူငယ်ကဗျာဆရာတွေ တစ်ပြုံတစ်မကြီးဟာ
ဟောခန်းတွင်း ၀င်ရောက်လာကြ
တွေ့ဆုံသည်နှင့်တစ်ပြိုင်နက်
ဟေး…ဟေး…ဟေး…အသံတွေ
ဆူညံစွာ တစ်ပြိုင်နက်တည်း ထွက်လာကြရဲ့
အုတ်အောင်သောင်းတင်းပါပဲ
ကဗြုန်းကရုန်းပါပဲ
ဟော…အော်ကြပြန်ပြီ
ဟေ့ မက်ဆိုပိုတေးနီးယားကလာတာ
ဟေ့ ငါလည်းမက်ဆိုကပဲ
ဟိုမှာမင်းနဲ့ငါမတွေ့တာတစ်ခုပဲ
ဟေ့ ငါလည်း မက်ဆိုပိုတေးနီးယားစစ်မြေပြင်မှာ
ကျခဲ့တာပဲကွ
အဲဒီမှာ လူဖြစ်ခဲ့တာပဲ
ခုသေပြီး လုလူဝင်စာပြန်ဖြစ်တာ
တန်ပါတယ်
အရာရာဖြစ်ပျက်နေတာ တန်ပါတယ်ကွာ
ဟေ့ ငါက ဟိုနိုလူလူကလာတာ
ငါနဲ့အတူတူပေါ့ကွာ
ဟေ့ ငါလည်းပါတယ်ကွ
ဟေး… ဟေး…ဟေးဟေး…
တွေကုန်ကြပြီကွာ။

(၄)
ဟေ့ ငါက အီတလီကလာတာ
အီတလီစပျစ်ခြံကလာတာ
စပျစ်ဝိုင်တွေပါတယ်
ရဲဘော်တွေအားလုံးအတွက်ပဲ
တို့တွေအားလုံးက စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချငးညီအစ်ကိုတွေ
တစ်ယောက်နဲ့တစ်ယောက်ပစ်ချလို့မရဘူး
ပြောပြရရင်လည်း လွမ်းစရာကြီးကွာ
ဟား…. ဟား…. ဟား…. ဟားဟား
ကဲ လုတွေ့ပြီပဲ
ဘာလုပ်ကြမလဲ
ငါသိတာကတော့
လောကကြီးမှာ အရက်ကလွဲပြီး
ဘာမှပျော်စရာကောင်းတာမရှိဘူး
ဟေ့ သောက်ပစ်ကြ သောက်ပစ်ကြ
ဟေ့ကောင်တွေ ငါက ဟော်လန်ကလာတာ
ငါ့မှာနို့ဆီတွေပါတယ် သောက်ကြ
ငါတို့တွေနို့ငတ်ခဲ့ကြတယ် မဟုတ်လား
ဖောက်သာသောက်ကြ
ရောက်ချင်ရာရောက်ကြပစေ
တို့တွေနေပူခဲ့တယ်
ဒါကြောင့်ပဲ တို့တွေနေမပူဘူးပေါ့
ဟေ့ ငါက ဒါင်္ဂျီလင်က လာတာ
ဟေ့ ငါက ပန်ဂျပ်က လာတာ။

(၅)
ဘာလဲ ဘ၀ဆိုတာ ဘာလဲ
စူးစမ်းနေစရာမလိုဘူး
ငါဟာ စပျစ်ခြံအလုပ်သမားလေး
ဒါ ၀မ်းနည်းစရာလား
ငါ…ချစ်သူနဲ့တွေ့ချင်တဲ့အခါ
ငါတွေ့ရတယ်
ငါပျော်ချင်ရင်ပျော်ရတယ်
ငါကနေပျော် သေပျော်သမားပဲ
စစ်အတွင်းက သူငယ်ချင်းတွေ
ပေါင်မုန့်လေးတစ်ယောက်တစ်ဝက်
သေမင်းကျည်ဆံတွေ တဖျောက်ဖျောက်အောက်မှာ
တို့တွေ လျှောက်ခဲ့တာ
ဘာဖြစ်လာလဲ
ဘာမှ မထူဆန်းဘူး
နေကြသေကြပါပဲကွာ
တို့တွေ...ပြန်မဆုံဖြစ်ကြဘူးထင်တာ
ခုပြန်ဆုံကြတယ်
ဒါကောင်းတယ်
ဒါ အကောင်ဆုံးဆုလာဘ်ပဲ
ဒါကောင်းတယ်
အေး…ကောင်းတယ်
ဒါပေမဲ့ ငါတို့လည်းပြောပါရစေဦး၏ငါက ကွင်းစလန်မှာနွားခြံပိုင်ရှင်
ငါက သြစတြေးလျ ကမ်းခြေတစ်နေရာမှာ ကျခဲ့တာ
အဲဒီမှာလူသွားဖြစ်
နွားတွေမွေး
နို့စားနွားတွေပေါ့
ငါ့မှာ
နွားနို့တွေပါတယ်
အားလုံးသောက်ပစ်ကြ
ဒါဟာနတ်ဆိုးရဲ့ဝိုင်ပဲ
နွာနို့ဟာ နတ်ဆိုးရဲ့ဝိုင်ပဲ
နတ်ဆိုးရဲ့ဝိုင်တွေကိုငါတို့ပဲသောက်ကြရဲ့။

(၆)
သောက်နိုင်ကြတာ
ကဗျာဆရာဆိုတာ
နတ်ဆိုးဝိုင်တွေ သောက်တဲ့သူတွေ
အထက်တန်းစားတွေ
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ
ငါတို့ရဲ့ရှုမျှော်ခင်းတွေပဲကွ
ငါတို့တွေ အလှကြည့်နေကျတွေပဲ
ဟုတ်တယ်မဟုတ်လား
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
အားလုံး ၀ိုင်းအော်ကြ
အားလုံးပျော်သွားကြပြီ
ဘာနဲ့တူသလဲဆိုတော့
ဥပမာကလဲ ခပ်ရှားရှားပါပဲ
ဂရင်း ဖာလူဒါဆိုင်ကရေခဲတုံးကြီးလို
ပျော်လို့ ပြဲလို့
အော်လို့ ဟစ်လို့
ခ်နးလုံးပြည့်အော်သံတွေ
ပျော်စရာကြီး
(စစ်အတွင်းကကွဲသွားတဲ့ သူငယ်ချင်းညီအစ်ကိုတွေ
ချစ်ချင်းအားဖြင့် အမြဲပဲညီညာကြစေ)
တေးသံဖောက်ပြီးထွက်လာ
အားလုံးသီဆိုကြ
ဘာနဲ့တူသလဲဆိုတော့
တီကောင်တွေ အထွေးလိုက်ကြီး ရှုပ်ထွေးသလိုမျိုး
ရှုပ်ထွေးပျော်ရွှင်ကြ
တေးသံခဏရပ်အသွား
ဟေ့… ငါတိုပက နော်မန်ဒီမှာ ကျခဲ့တာကွ
မင်းတို့နဲ့ကွာကွာပြီးနော်မန်ဒီမှာ
ငါတို့သွေးအလူးလူးနဲ့ ကျကျန်ရစ်ခဲ့တာ။

(၇)
ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှအလကားမရဘူး
ဘယ်အရာမှအလကားမရဘူး
ဒါ ငါ့သီအိုရီပဲ
မသစ်လား…
သစ်ရုံတင်မဟုတ်ဘူး လှနေတယ်။
ဟေ့ ငါက ပုလဲဆိပ်ကမ်းမှာကျခဲ့တာကွ
ကြည့်ပါလား၊ ငါ့သွားတွေ ခေါနေတာ
ငါက ဂျပန်ကျွန်းစုတစ်စုမှာ လူဖြစ်ပြီး
ဟိုက်ကုကဗျာတွေဘာတွေ ရေးနေတာ
ခုမှ သူငယ်ချင်း ညီအစ်ကိုတွေနဲ့
တွေ့ရအောင်ရောက်လာတာ
စစ်အတွင်းက သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းဖြင့် ညီညာစေ…
ချစ်ခြင်းဖြင့် ညီညာစေ…
သူ့အသံတိတ်သွား၊ သူ့သွေးသူချိန်ကြည့်နေ
နောက်ထပ်အသံ ပေါ်လာပြန်
အသံသြကြီးနဲ့
ဟေံငါက စစ်တောင်မြစ်ဝှမ်းမှာကျခဲ့တာ
ခု သခွားသီးတွေပါတယ်
စားပစ်ကြ…ငါကသခွားခင်းပိုင်ရှင်
ဟေ့…ငါက ရိုးမရိုးစပ်မှာကျခဲ့တာ
မြို့မဟုတ်ဘူး
ဟေ့ကောင် ခက်ထန်
မင်းမမှတ်မိဘူးလား
ရန်သူ့ကျည်ဆံ တဖွားဖွားကြားမှာ
ငါတို့တစ်တွေ ရှေ့တက်ခဲ့ကြတာလေ။

(၈)
ဟေ့ ငါက ဟန်ဂေရီစစ်မျက်နှာက
ဗုံနင်းမိတာ တစ်စစီပဲ ကိုယ့်လူရေ
အဲဒီကနေလူပြန်ဖြစ်ပြီး
ပါရီတောရပ်ပိုင်းလေးမှာနေခဲ့တာပေါ့
အရက်ဘားမှာ စားပွဲထိုးလေးပေါ့
အဲဒီကနေမှ ဒီရောက်ခဲ့ရတာ
တစ်ယောက်ကထအော်တယ်
အားလုံခဏငြိမ်ပေးကြပါ
ကဗျာဆရာတွေလာနေကြပြီ။
သစ်ကုလားအုပ်သံတွေကြားရတယ်
မြင်းဟီသံတွေကြားရတယ် ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေကြားနေရတယ်
ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေ ကြားနေရတယ်
ဟော… တောခွေးအူသံတွေ ကြားနေရတယ်
ပင်လယ်လှိုင်းရိုက်သံတွေကြားနေရတယ်
ခြင်္သေ့ဟာက်သံကတော့
ဒါ နေသွေးဦး ခေါ် အာရပ်ဖက်တီးပဲဖြစ်မှာ
ဒီကောင်ကြီး ခြင်္သေသေ့နဲ့တထေရာထဲတူတယ်
ဟောက်တတ်တယ်
ဟော…လှေလှော်သံတွေ ကြားရပြန်ပြီ
ဒါ ကဒုံတင်စိုးပဲဖြစ်မှာ
ဟော မြှေတွန်သံတွေ ကြားရပြန်ပြီ
ဒါ မြွေကြီး ခေါ် ဇော်ဝင်းတင့်ပဲ ဖြစ်မှာ
သေချာပါတယ်
မလွဲပါဘူး

(၉)
ဟော တကယ်ဝင်လာတော့လည်း
သင်းအုပ်ဆရာ အ၀တ်အစားကြီးဝတ်လို့
“ယူကော”ဆိုတဲ့ကောင်ကြီးရယ်
အာဖရိကဗုံကိုထုနှက်ကာ
ဆန်လဲမဟုတ် ပြောင်းလဲမဟုတ်
ဆန်ပြောင်းရယ်
ဟာကြူလီငပျော့ ခေါ်ကြည်ဝင်းမြို့ရယ်
ငါးသလောက်နှစ်ကောင် ပူးချည်ထားတဲ့အပြုံးနဲ့
အခန်းကျယ်ကြီးထဲအားလုံးလည်းရောက်ရော
ဆန်ပြောင်းရဲ့ အာဖရိကဗုံသံ ကြားရတော့တာပဲ
တစ်ခန်းလုံး
အာဖရိကဗုံသံတွေ လွှမ်းမိုးသွား
သူငယ်ချင်းညီအစ်ကိုတွေ
ရိုးဟေး ညာသံတွေ
ဗု့သံအလိုက်လိုက်ကကြ
အခန်းကြီးဝက်ဝက်ကွဲမျှ
အတော်ကလို့မောတော့
အားလုံးပိုင်သီချင်းလေးကို
တစ်ယောက်မကျန်သီဆိုကြ…
“စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းနဲ့ ညီညာကြစေ“။

(၁၀)
ထိုသီချင်းကို လေးကြိမ်သံပြိုင်သီဆိုပြီး
ဟေ့ ဟေ့ သူငယ်ချင်းညီအစ်ကိုတစ်တွေ
ကြည်ဝင်းမြို့မှာ ၀က်ပေါင်နှစ်ပေါင်ပါတယ်
ဘာဘီကျူးမီးဖို ဖိုကြရအောင်
ပြီးရင်
ဝက်ပေါင် ကင်ကြရအောင်
ပြီးရင်
ဒီမှာ ၀ိုင်တွေအများကြီးရှိတယ်
ဝက်ပေါင်နဲ့ ၀ိုင်နဲ့ သောက်ကြတာပေါ့
ဟေး…တဲ့
အသံကြီးတစ်စုတစ်ခဲတည်းထွက်
ဘာဘီကျူးမီးဖို ဖိုလိုက်ကြတယ်
မီးပုံကြီးဘေးမှာကြည်ဝင်းမြို့က
သူ ပဲခူးရိုးမမှာ ကျခဲ့တာတဲ့
မြွေကြီး ခေါ် ဇော်ဝင်းတင့်က စစ်တောင်းမြစ်ဝှမ်းမှာ
သင်ကြီးခေါ် စာသင်ကြီးကတော့
အင်ဖာတိုက်ပွဲမှာ
အဲဒီမှာ လူဖြစ်တာ
ဒါဂျီလင်က လက်ဖက်ခင်းထဲမှာ နေနေပြီးမှ
ခုမှ ဒီရောက်လာရတာတဲ့
ကမ္ဘာကြီးဟာ ပြားတယ်တဲ့
ဟော…ဖော်ဝေးရယ်
ဝတ်ရုံအနီကြီးဝတ်ပြီးဖော်ဝေး၀င်လာ
အားလုံး ၁၅ မိနစ် ငြိမ်သက်စွာ အလေးပြုကြ။

(၁၁)
ငါတို့ သူငယ်ချင်းတွေ ပြန်ဆုံဖို့ဆိုတာ
ဘ၀အသီးသီးတိုင်းပြည်အသီးသီးက လာကြရတာ
ဒါအတွက် ငါတို့တွေ စိတ်မပျက်ခဲ့ကြဘူး
အါတို့မှာ
နတ်တွေတောင် မမြင်နိုင်တဲ့
ခွန်အားတွေအပြည့်ရှိတယ်
ကဗျာဆရာဟာ
တောင်ဝင်ရိုးစွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဥတ္တရယဉ်စွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဧ၀ရက်တောင်လည်း ဖြစ်တယ်
ကဗျာဆရာဟာ
မြေ၀ပ်ငှက်ကလေးလိုလည်း နေတတ်တယ်
ကဗျာဆရာဟာ
သတ္ထုတွင်းတူးသူလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ကြယ်ကလေးလိုလည်း မှိတ်တုတ်မှိတ်တုတ် နေတတ်တယ်
ကဗျာဆရာဟာ
စစ်မုန်းသူလည်းဖြစ်တယ်
ဝေဟင်မှာ စာမရီငှက်ဖြစ်ပြီး
မြေပြင်မှာ ကေသရာဇာလည်း ဖြစ်တယ်
ရေပြင်မှာနဂါးဖြစ်တယ်
ကဗျာဆရာဟာ
ရေတွက်မရတဲ့ နာမ်တွေဖြစ်တယ်
မမြင်နိုင်တဲ့ စွမ်းအင်ရှိသူတွေဖြစ်တယ်
လက်ခုပ်သံတွေ တစ်ခန်းလုံး
အုန်းအုန်းကျွက်ကျွက်ဆူညံသွား။

(၁၂)
ဝက်ပေါင်နဲ့ ၀ိုင်တွေ အားလုံးသောက်
ဆိုချင်တဲ့သီချင်းတွေ အသံနက်ကြီးတွေနဲ့ဆိုကြ
ကြိုးတန်းဆွဲပြီး ဟိုဘက်သည်ဘက် ခိုစီးကြ
ကင်းမြီးကောက်ထောင်ပြီး လမ်းလျှောက်သူလျှောက်ကြ
ကျွမ်းထိုးသူတွေကလည်း
ရှေ့ကျွမ်းနောင်ကျွမ်းထိုးကြ
ဆန်ပြာင်းက အာဖရိကဗုံကိုနှက်လိုက်တော့
အားလုံးမြိုင်သွားပြီး ကကြပြန်ပြီ
ဗုံသံကလည်း မရပ်မနားကိုတီးလို့
အားလုံးကလည်း မရပ်မနားကို ကကြလို့
ပျော်စရာကြီးပါ
အခန်းကျယ်ကြီးထဲမှာ
ကဗျာဆရာတွေချည်းပဲ
ကဗျာဆရာမဟုတ်တာတစ်ယောက်မှ မရှိဘူး
ဟေး…
ကဗျာဆရာတွေကွ
ကမ္ဘာကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်နေတာ
ပြီးရင် ကမ္ဘာကြီးကို အင်္ကျီချုပ်ဝတ်မယ်
တစ်ယောက်တစ်ခွန်းစီအော်ဟစ်ကြ
အားလုံးလဲမူးကုန်ကြပေါ့
ဒါပေမဲ့
တစ်ယောက်မှသတိမလစ်ကြပါဘူး
ဟော…နောက်ဆုံးဝင်လာ ရောက်လာတာက
ရော်ဇင်ဟု ခေါ် သိန်းဇက်
သူ့မျက်နှာက လင်းတနဲ့တူတယ်
သူ့ကဗျာကလည်း လင်းတရဲ့အတ္ထုပတ္တိတဲ့။

(၁၃)
ဒီကောင်ကြီးဝင်မူး
အာဖရိကဗုံသံတွေနဲ့ ကခုန်
အော်ချင်တာတွေအော်ဟစ်
ခဏနေတော့ ဗုံသံရပ်သွား
အဲဒီမှာ အောင်ချိမ့်အသံကြီးထွက်လာ
“ဟေ့…ကဗျာဆရာဆိုတာ ငါတစ်ယောက်တည်းပဲ ရှိရမယ်“
အောင်ချိမ့်ကြီးက ကဗျာဆရာတွေကိုသေနတ်နဲ့ပစ်ချလိုက်တော့
အားလုံး
အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
(သူပစ်တာက ရေသေနတ်နဲ့ ပစ်တာ)
ခဏနေတော့ အားလုံး တဟားဟားရယ်ပြီး ထလာကြ
ကဗျာဆရာဆိုတာ ဘယ်တော့မှမသေဘူး
သိထား…
မသေဆေးမြစ်ရှိတယ်
မရပ်နားတဲ့ မြစ်တွေရှိတယ်
အဲဒီလိုနဲ့
အခန်းကျယ်ကြီးထဲက ထွက်ဖို့ပြင်တော့
အခန်းကြီးဟာ ပဒုမ္ပာကြာဖက်ကြီးလို
အလိုလိုပွင့်ကျသွား
သူတို့အားလုံးမှာ
ကမ္ဘာသစ်ဝတ်စုံတွေ ၀တ်ပြီးဖြစ်နေတာ
အံ့သြဖွယ် တွေ့ရှိလိုက်ရတယ်။



မောင်ချောနွယ်
၁၃-ဇွန်-၂၀၀၁





@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကဗျာဆရာမောင်ချောနွယ်၏လက်ရာကောင်းလေးပါ။
ဗစ်တာထွန်းဇေ

Sunday, November 30, 2008

မြေဇာ....


မြေဇာ....
အမိမြေအတွက် စိမ်းလန်း
တောတန်းဖြစ်စေတဲ့ အပင်ငယ်များ။

မြေဇာ...
ရွာနွားတွေအကြိုက်လိုက်
အစားခံ ရွက်စိမ်းပေါက်ပင်များ။

မြေဇာ...
နေမီးလျှံ အပူဒဏ်
သွေ့ခြောက်အောင် ခါးစည်းခံ
ညှိုးနွမ်း မြက်ပင်များ။

မြေဇာ...
ကျွဲနှစ်ကောင် ခတ်ကြား
ရုံးလျက် အနင်းခံ
ဘ၀ပျက် အပင်များ။


ဧရာမောင်(ဆိပ်ဖြူ)

***************************************************

ကျောင်းနေတုန်းက သူငယ်ချင်း မြင့်မောင်ကျော် ရဲ့ လက်စွမ်း ကဗျာ။
သူငယ်ချင်း ကောင်းကင်ဘုံမှာပျော်ပါစေ။
အမှတ်တရ အောက်မေ့ခြင်း များစွာဖြင့်............

ဗစ်တာထွန်းဇေ။

သူ...


သူ...
မျက်နှာက ပုံဆိုးပန်းဆိုး ပုံစံ
ဂြိုလ်စတိုင်လ်မှာ အညံ့နဲ့လူ....
ရေနွေးပူပူ တကျိုက်
အသေမက်တဲ့သူ။

ခပ်ထူထူ လူ...
အပေါင်းအနှုတ်အမြှောက်အစား
ိမကျွမ်းတဲ့သူ။

ညနေတိုင်း..
ဘီအီးအဖြူတပိုင်းနဲ့
အူမရိုင်းတဲ့လူ။

အပူအပင်ကင်းမဲ့
ဂျိုးသိန်းငှက် ဆေးလိပ်နဲ့
နေညိုအောင် ကြိုက်တတ်သူ။

ခင်မူယာနဲ့အပြီးလမ်းခွဲ.
အသည်းကျွမ်းတဲ့ လူ....။

အဲဒီသူက..
ရိုမာန်တစ်လမ်းကြား ကိုခံစား
ကဗာစစ်ပွဲဆန့်ကျင်တေး ကိုစပ်သွား
ကျေးလက်မှာ ဆရာအဖြစ် အလင်းပြ
ရင်တွင်းဖြစ် ကဗျာလေးတွေ ရေးရင်း..........
၂၀၀၈ခု နိုဝင်ဘာ ၁၄ ရက် မနက် ၀၅ နာရီ
ဧရာဝတီ..ဆိပ်ဖြူရွာလေးမှာ
ကြွေသွား...........ေ၀၀ါးစွာ
ချစ်သူများ ကို ကျောခိုင်း
သူ့သမိုင်း..ပြည်ဖုံးကားချခဲ့ပြီ။

ဗစ်တာထွန်းဇေ။
................................................................................................................................................

မှတ်ချက်းး
ကျောင်းနေဖက်(ကဗျာရေးဖော်ရေးဖက်)
ကျေးလက်ပရဟိတ ကျောင်းဆရာ မြင့်မောင်ကျော်
(ခေါ်)..ဧရာမြင့်မောင် အား မိဘများနှင့်ထပ်တူအထူးဝမ်းနည်းကြေကွဲ
နှမြောတသဖြစ်ရပါသည်။ ။
သူ့နာရေးသတင်း လူကြုံမှ ကြားသိရပြီး လူကိုယ်တိုင်
အသုဘရှု မတက်ရောက်နိုင်ခြင်းလည်း စိတ်မကောင်းဖြစ်ရပါသည်။

“ကဗျာဟာ..ရင်ဘတ်ကြီးထဲက လာမှ ။ကဗျာ ဟာ ပွင့်လင်းရိုးသားမှ”
သူ့စကားသံလေးတွေ အနုသုခုမတော မှာ ကဗျာတွေအဖြစ် ဖူးပွင့်စဉ်
ကောင်းကင်ဘုံမှာတော့ ကဗျာချစ်သူနေဖြစ်နေမှာ ကျွန်တော်ယုံပါတယ်။
သူငယ်ချင်း..ကောင်းကင်ဘုံမှာ ပျော်စံပါစေ.............................................။

ဗစ်တာထွန်းဇေ။

Saturday, November 15, 2008

ညနေစာ..ထမင်းဝိုင်းအရသာ


ဟိုစဉ်အခါ အမေ့အိမ်၌
မိသားစု စုံညီ ၀ိုင်းဖွဲ့ချီလို့
ကြောင်လျှာသီးသုပ်
ဟင်းချိုပြုတ်နှင့်
ငါးပိအရည်ကျို
ငရုပ်ပျိုစပ်စပ်
သားဟင်းလျာမစွက်ပဲ
မြိန်ရာဟင်းကောင်း
လွန်စွာကောင်းခဲ့။ ။

ပြီးသောခဏ
စားပြီးဇိမ်ခံ
လက်ဖက်ထောင်းကား
အလွန်မြိန်ဖွယ်။ ။


ယင်းနောက်တဖန် ညဉ့်ယံတိုင်အောင်
ရယ်ရယ်မောမော သောသောရွှင်ပျ
အခါးရည်ပူကြမ်း နှင့်
စကားအချေအတင်ဆို
အိပ်ယာဝင်ကြ။ ။

ခုမ်ားဘ၀ စကာၤပူက
အလုပ်သိမ်းပြန် ညနေ၀ယ်
လျင်စွာချီတက်
Food court ဘက်
ကြက်သားချိုချိုချက်
သီးနှံရွက်နှင့် အအေးတဖန်ခွက်
မကြိုက်လျက် စုံဖက်။ ။



သားရွှေနု(အမေ့လက်ရာ)