Saturday, January 23, 2010

ဝါယာကြိုးမျှင်တွေ ဖွဲ့ချည်ထား တဲ့ မြို့

**(၁)**

ဘဝဆိုတဲ့ကျောင်းကနေ(၇)နှစ် တင်းတင်းပြည့်လို့
အမေ့အိမ် ကို ပြန်ခွင့်ရခဲ့တယ်။တချို့က ဒီကျောင်း
ထွက် ကျုပ်တို့လို မင်းသားမျိုး ကို အော့နှလုံး နာ
ကြမယ်။ရွံ့မုန်းချင်လည်း မုန်းကြမယ်..။စဉ်းစားကြည့်
တော့လည်း..ဒီ ကျောင်းမျိုး ဘယ်သူမှ စပွန်ဆာပေး
တက်ခိုင်း လို့ တက် ဖို့ဆိုတာဝေး..စိတ်ကူးလေးတောင်
မကူးချင်လောက်အောင် စက်ဆုပ်ဖွယ် အတိနဲ့၊နာကျင်စရာ
အပြည့်ရှိနေတာကိုး..။ ဒါကြောင့် မို့ လည်း..“ထောင်”
ဆိုတဲ့ စကားလုံး..၊”ထောင်ထွက်” ဆို တဲ့အသုံးအနှုံးမျိုး
ဘယ်သူကမှ မကြားချင် ၊ အခေါ်မခံချင်တာ။

ဘာကိစ္စ နဲ့လဲ..ဘာမှုနဲ့လဲ ဒီလိုတော့ ကျေးဇူးပြုပြီး
မမေးပါနဲ့။တရားတယ်..မတရားဘူး ဘာမှ ပြန်ရှင်းမပြ
ချင်ဘူး ။စိတ်ချ..ကျုပ်..လူမသတ်..မုဒိမ်းမကျင့်ခဲ့ဘူး
(ရိုင်းပြရင် ခွှင့်လွှတ်ကြ) အဲဒီကျောင်းတော်ကြီး မှာ သုံးတဲ့
စကားလုံးတွေ ဒါထက် ပို ရိုင်းပါတယ်။ပြီးတာတွေ..ပြီးပါစေ။
လေဆန်..မာန်ထန်ပြန် ပြီး ပြနေရင် လည်း.မောတာပဲရှိမယ်။
ခင်ဗျားတို့လည်း.နားငြီးရော့မယ်။

နံရံ တံတိုင်း ကြီး တခု ခြားနားထား လို့..မြို့ပြကမ္ဘာ နဲ့
အလှမ်းဝေးခဲ့တဲ့ကျုပ်အဖို့...အိမ်ပြန်ရောက်ရောက် ချင်း ၊
တနေကုန် အောင် မြို့အနှံ့ဘတ်စ်ကား နဲ့ လျှောက် လည်
ည နည်းနည်း နက်မှ အိမ်ပြန်လာ၊..အမေ အို ချက် တဲ့
ဟင်း နဲ့ထမင်း ခံတွင်းတွေ့တွေ့ စား ပြီး ၊ မောမော နဲ့
အိပ်လိုက်တယ်။အိမ်မက်တွေက..မြို့ပြနဲ့တံတိုင်းကြားအကွာ
အဝေး တချို့၊ မိုးသီတာအေး..ကလေးတစ်ယောက်နဲ့မျက်နှာ
နာရီဟောင်း တချို့ရဲ့ ဆယ်ဖို့တစ်ဖို့၊ငိုသံ ရယ်သံတွေ ၊လင်း
တစ်ချက်မှောင်တစ်ချက်..၊ဒီကြားထဲကပဲ ဘ ဘုန်ကြီးကောဝိဒ
ရဲ့ သစ္စာလေးပါး ၊ကျုပ်အတွက် အထူးဟော တဲ့ ဒုက္ခသစ္စာ
တရားသံ ..
ရုတ်တရက်...အဆက်မပြတ် ညံ လာတာက

”ဒုံး...ဒုံး....ဒုံး....ဒုံး....အာကြီး...အာကြီး...အာကြီး”

ထောင်ဗာရာ ရဲ့ ကြိမ်းမောင်းသံလား..ဒီ အသံ ဘာသံလဲ..
ဘာသံလဲ၊ တသက်တာ အကျင့်ပါနေကျ ပုံစံ နဲ့ လူးလဲထထိုင်
ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ကိုယ့်တအိမ်သားလုံးက
မနက် အာရုဏ်ဦး မို့ အိမ်မက်ခရီး ကိုယ်စီနှင်နေကျဆဲ။
အိမ်ဘေးကပ်လျက်က..အိမ် အရှေ့ခြမ်း ဆိုင်ခန်းသွပ်တံခါး
ကို ခေါ်သံ အော်သံ နဲ့ ကျယ်ကျယ်လောင်လောင်ထုထောင်း
နေ သံ ကြားရတော့မှ...ဇဝေဇဝါ နဲ့ စဉ်းစား ရင်း ဒေါသူပုန်ထ
ကာ အားမနာပ စိတ်ကနေ မေတ္တာပို့ ရင်း..မိုးလင်း နေလိုက်
်မိတော့တယ်။

**(၂)**

”ကိုလေးမောင်”...၊”ကိုလေးမောင်”....၊ဘယ်တုန်းကလွတ်လဲ။”

အသံကြားရာ လှည့်ကြည့်မိတော့.၊ ခြံစည်းရိုး ကပ်လျက်
ခြမ်းကနေခေါင်းပြူ ရင်း..နှူတ်ဆက် သတင်းမေးနေတဲ့ လူလတ်
ပိုင်း အရွယ် ခေတ်လူငယ်တစ်ယောက် ကို တွေ့လိုက်ရတယ်။

“ဟဲ့..မောင်ထွေး..၊အဲဒါ ..ဒေါ်တင့်ဆန်း တူ ဇာနည်လေ မမှတ်မိတော့ဘူးလားကွဲ့

ခြံစည်းရိုး ကပ်လျက် နွယ်တွေ ရှင်းနေတဲ့ ကျွန်တော့်ကို ၊နောက်က
နေ လာ ပြောပြနေ တဲ့ အမေ့ ကို ပြန်ပြုံး ပြရင်း.၊ ဇာနည် ဆိုတဲ့
လူငယ်ကို ခပ်စွာစွာ ကြည့်လို့ .. ...

”ဘယ်လိုတုန်း ကွ မနက်စောစောစီးစီး ဆူညံနေပါလား..
ဘေးပတ်ဝန်းကျင်ကို အားနာမှူ လေး တောင် မရှိကြတော့ဘူး“

“အာ..ဒီလိုမဟုတ်ရပါဘူး..အကိုရာ ၊ ကျွန်တော်ရှင်းပြရင်
ရှည်မယ်..အားရင် ကျွန်တော့် အိမ်ဘက်လာခဲ့ ဗျာ..၊ကိုဖက်တီး .
..ဆိုင် က တူး-တီး မှာ လိုက် မယ် နော်။“


..ပြောပြော ဆိုဆို လမ်းမရှေ့ မျက်စောင်းထိုး လက်ဖက်ရည် ဆိုင် ကို
တူးတီး လှမ်း အော် မှာ ရင်း ၊ သူ့ ဆိုင် ထဲ ကို ပြန် လှည့်ဝင် သွား
တဲ့ ဇာနည် ဆို သူ့ ကျော ကို ကြည့် ရင်း.. မသိကိန်းတွေ ရှာနေမိတယ်။

**(၃)**

သေချာ ဝေ့ဝဲ ကြည့် မိမှပဲ.. ၊ အိမ်ရှေ့ ဆင် ဝင်ဘက် အခြမ်းလေး
ကို အုတ်လေး စီ ရီ ၊ သွပ် ပြားတံ ခါး တပ်ထားကာ ၁၇ပေလောက်
အကျယ်အခန်းလေး ဖွဲ့ ၊ကွန်ပျူတာ အဟောင်း ၈ လုံး ၉ လုံး၊ဝါယာ
ကြိုး ရှည် တွဲလို တွဲ့လောင်း ၊လျှပ်စစ် မီး ပလပ် ခုံ တွေ ရှုပ်ပွလို့.၊
ပလတ်စတစ် စာရေးစားပွဲခုံ ၊ ထိုင်ခုံတွေ နဲ့ လူကြီး လူငယ် ၁၀
ယောက် ကြား ဗျာများ နေ တဲ့ “ဇာနည်“ ကို တွေ့လိုက်ရတယ်။
ရုတ်တရက်..မှင်သက်ငေးမောနေမိတဲ့ကျုပ်ကိုအခြားဂြိုလ်ကမ္ဘာသား
တကောင် လို မျက်လုံးလုံးစိမ်းတွေ နဲ့လည်ပြန်ကြည့်နေကြတဲ့သူတို့
မျက်နှာ တွေက ..ခေတ်နှင့်အညီခုတ်မောင်းနေတဲ့အချိန်ရထားတွေ
အဖြစ်မြင်ရ တဂျုံးဂျုံးနဲ့အသံပါကြားလိုက်ရတယ်။ ။

လူငယ်တဦး။ ။”အာကြီး...ဟေ့ရောင်...ဒီမှာ ကွန်နက်ရှင်းမရတော့ဘူးနော်”

ဇာနည်။ ။”အာ...အဲဒါ ကိုမျိုး setting ထဲက connection speed
ကို ၂၄၃.၂ နဲ့ပြောင်းလိုက်၊ကျွန်တော် အဲဒါနဲ့ မိနေတယ်”

မိန်းမကြီးတဦး။ ။”ဖိုးခွါး..ငါ့ဘုရားကျောင်းအတွက် စာစီ ခိုင်းတာမပြီးသေးဘူးလား”
ဇာနည်။ ။”ရိုက်နေတယ်လေ..အန်တီ..ပြီးတော့မယ် ခဏစောင့်ပါ”

မိန်းမငယ်။ ။”ကိုဇာနည်..ဒီမှာ VZO chat အရင် အကောင့်က ဝင်လို့မရ
တော့ဘူး..လုပ်ပါအုံး”

ဇာနည်။ ။”အေးမော်ဦး ရာ..နင့် password ကို နင်ပဲ ပြောင်းထားတာလေ
ငါ ဘယ်လို လုပ်သိမှာလဲ၊ဘဲဘဲ..ရောက်နေရင် ၊ဂျီတော့ခ် နဲ့ပြောင်း
ချက်ထားနှင့်၊ငါ ဒီမှာ မအားသေးလို့”


ဆိုင်ရှေ့မှလူကြီးတဦး။ ။“ဟေ့မောင် အာကြီး ..ည မီး ဘယ်အချိန်ပြန်လာမလဲကွ“
ဇာနည်။ ။ ”ည၉ နာရီ မှ ဦးကျော်”
”ဦးကျော်..ဦးကျော်..ခဏလေး မမေဝင်း က အီးမေးလ်ပို့ထားတယ်
ကောင်းဝင်းစံ မှတ်ပုံတင် အမည်ပြောင်း ဖို့ ရန်ကင်း ကသူ့အသိ
လ.ဝ.က ဆီ ဒီနေ့ ရုံးချိန်အမှီ သွားပါတဲ့ နော်၊မေ့နေရင်တော့ဦးကျော်
သမိုင်းနဲ့ဦးကျော်..“

ဆိုင်ရှေ့မှလူကြီးတဦး။ ။“ခွီး..ထဲမှ ပဲ ငါအချိန်ငါသိပါတယ်ကွ၊မင်းကိုမှာထားတာသာပြော“

ဘုန်းကြီးတပါး။ ။“ဒကာကြီး(ဒါယိကာကြီး)..ဦးဇင်း မုံရွာ ကို ဖုံးပြောချင်လို့ ခေါ်
ပေးနိုင်မလားကွဲ့“

ဇာနည်။ ။ “ရပါတယ်ဘုန်းဘုန်း၊ ကြွပါ ခုံမှာ..ခဏထိုင်ပါဘုရား၊သယ်ရင်း(သူငယ်ချင်း)
အောင်နိုင်စိုး မင်းခဏလေး..ဘုန်းဘုန်းကိုဖုံးခေါ်ပေးလိုက်ပေးကွာ။ပြီးမှ..
စော် (ကောင်မလေး) နဲ့ဆက်ပွါး။“


ဒေါ်အေး။ ။“ဟဲ့..မသာ၊ မနေ့ညနေထဲက မိတ္တူကူးခိုင်းထားတာ မပြီးသေးဘူးလား
နင့် ဥက္ကဌ အကြောင်းနင်သိတယ်နော်“..။

ဇာနည်။ ။“ဒေါ်အေး..အမြန်လိုချင်ရင်.လမ်းဆုံ မှာ မီးစက် နဲ့ပိုက်ဆံပေးသွား
ကူးလေ ၊ခင်ဗျား တို့ကပဲ..အလကားရတဲ့ နေရာ ကိုလာပြီး အမိန့်တွေ
လာတပ်နေရသေးတယ်.ဒီမှာ က မီးလာမှ အလုပ်လုပ်ရတာဗျ.စားပွဲကအဖြူ
ရောင်စာထုပ် က ခင်းဗျားတို့ဟာ ၅ စောင်အပိုပါဆွဲပေးထားတယ်။
ယူပြီး..မြန်မြန်ပြန်”

ဒေါ်အေး။ ။”အောင်မာ...အသံက မာလှချည်လား၊ ဇာနည် ကတော့ အေးဆေးမနေ
ချင်ဘူးထင်တယ်၊ နင်သူပုန်လုပ်ချင်နေတာလား မသာကောင်၊အထဲရောက်မှ
အမှတ်တရတွေဖြစ်နေလိမ့်မယ်“

”.................”
”.................”
”.................”




**(၄)**

“ကိုလေးမောင်..ထပ်ဌဲ့လေ ၊ စိတ်ကြိုက် လွတ်လွတ်လပ်လပ်
ချဗျာ..ခုလို မီးမလာတဲ့ ညမျိုးမှ ကျွန်တော်လည်း အေးဆေးနားရတာ“

“နို့မို့ဆိုလို့ကတော့..မီးလာတဲ့ အချိန် မနက်စောစောစီးစီး၊ ည သန်း
ခေါင်ကျော်ဖြစ်တာတောင် မနားရဘူး၊ဆိုင်ပိတ်ပါဘီပြောလည်း..မရဘူးဗျ”


ပြောပြောဆိုဆို တုံဏှိဘာဝေ လုပ်နေတဲ့ ကျုပ်ဖန်ခွက်ထဲ အရက်ထပ်
လောင်းဌဲ့ပေးရင်း..သှူု့စကားကို သူ့ဖာသာ ခံတွင်းတွေ့တွေ့နဲ့
ဆက်ပြောနေလေတယ်။

“ကျွန်တော့် အဒေါ်က ဦးလေးဆုံးတဲ့ မနှစ်ကတည်း က စီးပွါးရေးလုပ်
ချင်နေတာ။နိုင်ငံခြားက သူ့သမီး နဲ့ သမက် က နယ်ကနေ
ကျွန်တော့်ကို ခေါ်ပြီးအင်တာနက်ဆိုင်ဖွင့်ပေးထားတာ။“

”အာ..မလွယ်ပါဘူးအကိုရာ၊ မီးမမှန်တာရော ..၊ကွန်နက်ရှင်းမကောင်း
တာတွေရော..မျက်နှာသိ ၂၀၀ ၊ ၃၀၀ နဲ့တစတစကြွေးချန်ထားကြတာ
ရော၊အဆိုးဆုံးက ဖုံးလာဆက်တိုင်း ပိုက်ဆံယူမလာကြတာပဲ၊ ရပ်ကွက်က
အလှူခံမှန်သမျှကလည်း..ဒီဘဲ လာလာနေကြတော့”

အမြည်းတဇွန်းဝါးရင်း...စကားကိုနားလိုက်ဆက်လိုက်နဲ့..၊
သူကပဲဆက်ပြီး...

”ကိုလေးမောင်..ရော၊ အင်တာနက် ဝါသနာ မပါဘူးလား”

”အံ့သြစရာ အကိုရာ၊ ကမ္ဘာတောင်ခြမ်း နဲ့မြောက်ခြမ်း ကို
ခဏလေး နဲ့ စာပို့ စာယူရုံတင်မကဘူး ၊မျက်နှာချင်းဆိုင် ..
ခုလိုထိုင်ပြီးစကားလက်ဆုံ သူတခွန်း၊ငါတခွန်း ပြောနေချင်လည်း
ဖြစ်တယ်နော်”


ခပ်ထွေထွေစိတ်နဲ့ကျုပ်က..
”ဟေ့ကောင်..ဇာနည်ရ..ငါကကွန်ပျူတာ အကြောင်းမပြော
နဲ့ လက်နှိပ်စက်တောင်မရိုက်တာ ဘယ်လို လုပ်ရမှာတုန်း”

ကျုပ်အမေးကို သူက အေးဆေးဟန်ပန် နဲ့ လက်လေးကာရင်း

“ကျွန်တော်မျိုးကြီး..ကူနိုင်ပါတယ် ကိုလေးမောင်ရာ..
ကွမ်းယာဆိုင်က ကျော်ဂေါင် ခု အွန်လိုင်းက စော်လေးတဗွေ
နဲ့ အပြင်မှာချိန်းတွေ့ဖို့ အထိအောင်မြင်နေပြီ”

“နောက်တွေ့ရအုံးမယ်..မုန့်ဟင်းခါးရောင်းနေတဲ့ အေးမူဖေါ
အင်တာနက်ချက်တင် ကောင်းလို့ မုန့်ဟင်းခါးဆိုင် ပြုတ်နေပြီ“

“စင်္ကာပူရောက်နေတဲ့ ကောင်လေးကောင်မလေးတွေကို ဒီကကျန်
ခဲ့တဲ့သူတွေက အလွမ်းသယ်ကြတဲ့ အင်တာနက်ဖုံး(ပရီဖင်ဂို)
ဆိုတာ..လည်း ရပ်ကွက်ထဲက..မုဆိုးမကအစ သုံးတတ်ပြီး
ဟိုရောက်နေတဲ့ သားသမီးတွေဆီက ငွေမှာနေတတ်ပြီ”။


ပုလင်းလေးထောင့် တလုံး ကနေ နှစ်လုံးမြောက်ခဲ့တဲ့ အချိန်
အထိ..မနားမနေ သိသမျှကို ရှင်းပြနေတဲ့ ဇာနည့် အင်တာနက်
ကဖီး သမိုင်း တွေကို ရီကာဝေကာ ကြားတချက် မကြားတချက်နဲ့
နောက်နေ့နေ့လည် တိုင်အောင် မူးရူးနေမိတယ်။



**(၅)**

”ကိုလေးမောင်..ပြန်ရိုက်လိုက်လေ..အိပ်ခ်ျ-အိုင် (Hi)လို့”
”...............”
”IT ကျောင်းတက်နေတာ လူပျိုလို့ပြောလိုက်”
“..............”
“ဖုံးနံပါတ်ပေးနေပြီ..လိုက် မှတ်ထား”
“..............”
“အာ..သူပြောတာက ကိုလေးမောင် ရဲ့ ရည်မှန်းချက်”
“..............”
”ဖယ်..ကျွန်တော်ပြန်ရိုက်လိုက်မယ်..ဒါမျိုးလာမကျောခံနဲ့”
“..............”
“..............”
“..............”
“ဦးကျော် ကိုယ့် မိန်းမ နဲ့ ကိုယ်စကားပြောတာ ဘေးခုံက လူတွေကို
အနှောင့်ယှက် မပေးပါနဲ့ ၊နောက်ဆိုင်လာရင် ..ခင်ဗျား ခလေး အာ
ဗြဲ မခေါ်ခဲ့ပါနဲ့”

“..............”
“..............”

“လေးရာ ပဲ ယူတာကို များသလား..ခင်ဗျားမီးမပျက်ခင်တည်းက ထိုင်
နေတာလေ..၊မီးပြန်လာတော့မှ အခု သုံးတဲ့ နာရီဖိုး အတိအကျယူ
တာလေခင်ဗျားက ပဲ..ပြောရတယ်ရှိသေး..“
“..............”
“..............”
”ဟယ်လို..ဟယ်လို..ဟယ်လို ကြားရလား
ကြားရလား....အေး..အော်ပြော..မကြားရ..ကြားရဘီ”

“..............”
“..............”

”ဥက္ကဌ ..မိုးကျရွှေကိုယ် ကြည့်မှာ ဆို ညည့်နက်မှ ပြန်လာပါ
ဒီမှာ အမြင်ပဲ ခုံမအားသေးဘူး၊ကောင်မလေးတွေနဲ့”

“..............”
“..............”

“သယ်ရင်း(သူငယ်ချင်း)မင်း download လုပ်ချင်တာကို ကြိုပြောပါ
ကိုယ့်စက်တွေ က အသည်းနု တယ် ၊ဒီတခါ ကိုယ်ဗိုင်းရပ်စ်နဲ့မညား
နိုင်တော့ဘူးကွာ”

“..............”
“..............”

“ဟ..နင့်ဘဲဘဲ ဆီက ဖုံးလာတိုင်း ငါအော်ခေါ်ပေးနေတာပဲလေ..
နင့်အိမ်က အဖွားကြီး ဆူမှာစိုးလို့ ထွက်မလာပဲနဲ့၊ခုကျတော့မှ
ပြန်ခေါ်ပေးဆိုတော့..နင့်ဖာသာခေါ် ၊ အရင်ကြွေး ထက် ခုလက်
ငင်းလေးပေးခဲ့..မမ လေး“

“..............”
“..............”

“ဒေါ်အေး..ရုံးကိစ္စတွေ အလကားလာကူးခိုင်းတာ ငြိမ်နေမယ်နော်
နှလုံးအတိတ်စိမ်းတွေတော့ မကူးပေးနိုင်ဘူး...တမျက်နှာ (၅၀)
ပဲ..မကျေနပ်ရင် တရားရုံးမှာသွားတိုင်”

“..............”
“..............”

“ကိုဇော်မိုး..ကျောင်းတက်ချင်နေပြီထင်တယ်..အဲဒါ-အစိုးရဆာဖာ
ကပိတ်ထားတာ ဒီအတိုင်းကြည့်လို့မရဘူး..ညလူရှင်းမှလာ၊ proxy နဲ့
ကျော်ဖတ်မှ ရမှာ..ကိုယ့်လူ”


“..............”
“..............”


မီးလာရက် ..မီးမလာရက် ၊ကွန်နက်ရှင်း ကောင်းရက် မကောင်းရက်
လက်ချိုးရေတွက်နေတဲ့ ရပ်ကွက် နဲ့ ကောင်မလေး နာမည် အကောင့်
တွေ ၊ကောင်မလေး နာမည် အကောင့် တွေကြား..ဗျာများနေတဲ့
အင်တာနက်ကဖီးပိုင်ရှင် အာကြီး(သို့) အာဇာနည် ရဲ့ ကဖီးရနံ့တွေကို
ပင့်သက်ရှုရှိုက်ရင်း..မြို့ပြညကဗျာ တပုဒ် တီးတိုးရွတ်မိနေစဉ်မှာ....
အနောက်ဖက်နား..တံတိုင်းကြီးဟိုးအတွင်းဖက်က ဘဝကျောင်းတော်သားကြီး
တချို့ကတော့ ခပ်ခါးခါး မနက် ကို ပွေ့ဖက်ဖို့ လက်ချောင်းတွေ ကွေး
ကွေးဆန့်ဆန့်လုပ်နေလိမ့်မယ်ထင်ပါရဲ့............။ ။

ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လို့မင်္ဂလာအပေါင်းနဲ့ခညောင်းနိုင်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Saturday, January 16, 2010

တိုးရစ်ကြီး မောင်-ခွေးပု ပျင်းနေရင်........

ခွေးပုရေ...

တမြန်နေ့ညက ဆိုင်းမဆင့်ဗုံမဆင့် နဲ့ စင်္ကာပူ ကို
မင်းရောက်လာတော့..အံ့သြဝမ်းသာဖြစ်သွားမိတယ်။
လက်ရှိခုအချိန်စင်္ကာပူကိုအလုပ်လာရှာတဲ့ မင်းတို့လို
လူငယ်တွေ အတွက်တော့.အလုပ်အကိုင်အခွင့်အလမ်း
တွေရှိနေပါတယ်။သို့ပေမယ့်.ပညာအရည်အချင်း၊အလုပ်
အကိုင် အတွေ့အကြုံ နဲ့စကားအပြောအဆို သွက်လက်
ဖျတ်လတ်နိုင်မှ ပိုအဆင်ပြေမယ် မောင်ရေ။မည်သို့ဆိုစေ
လေ.ကြိုးစားကြည့်မှ အဖြေကောင်း ရနိုင်တာမို့..၊ဇွဲရှိရှိ
နဲ့နေထိုင်ခွင့်စတေးဗီဇာ တလ ရထားတဲ့ အချိန်လေးကို
အကျိုးရှိရှိ အသုံးချ မောင် ရေ။အစစ အဆင်ပြေ အလုပ်
အကိုင်လစာကောင်းကောင်း နဲ့ မဆဲတတ်တဲ့သူဌေးအလုပ်
မျိုးမှာ ရဖို့ဆုတောင်းပါတယ်။ လိုအပ်တဲ့ ငွေရေးကြေးရေး
နဲ့အခြားအခက်ခဲရှိရင် ငါ့ဆီ အကြောင်းကြားပေါ့။တို့ရွှေပြည်
နိုင်ငံကြီး လိုတော့..“ကျွန်တော့် အမျိုးလေး မို့ အလုပ်
ကောင်းကောင်းသက်တောင့်သက်သာ နေရာလေးတနေရာ
ပေးလိုက်ပါ”လို့ပြောပေးလို့မရတော့...ကိုယ်ထူကိုယ်ထ
ကို့အစွမ်းအစ နဲ့ ကြိုးစား မောင်ရေ။
အဲ-တနင်္ဂနွေနေ့ အချိန်ရလို့..ပျင်းနေရင်တော့
မင်းသိချင်တဲ့စင်္ကာပူ သမိုင်း အကြောင်းကိုတနေရာ တည်း
သိနိုင်တဲ့“အမျိုးသားပြတိုက်စင်္ကာပူ”ကိုသွားလည်ဖြစ်အောင်
လည်ပေါ့။ဒီပြတိုက်က..မင်းရောက်ဖူးတဲ့စီးတီးဟော(ပင်နီစူး
လား-မြန်မာဆိုင်တွေ)ဘက်ကနေလမ်းလျှောက်သွားရင်လည်း
ရတယ်။ဝင်ကြေးအခ အနေနဲ့ငါတို့တော့..သူငယ်ချင်း ရဲ့
ကျောင်းသား.ကဒ်လေး ဌားသုံး ခဲ့တယ်။ကျောင်းသားဆို(ဖရီး)
အခမဲ့လေ။ မင်းလိုချင်ရင်ငါဌားပေးလိုက်မယ်။ခေတ်အဆက်ဆက်
သမိုင်းကြောင်းတွေ ကို အအေးခန်း စနစ်၊ အသံလုံစနစ် ၊အလင်း
အမှောင် အခန်းတွေကို နည်းပညာအပြင် အဆင်တွေ နဲ့ဖန်တီး
ထားတာ ၊သွားကြည့်မှ သိရမယ် မောင်-ရေ။လောလောဆယ်
ဆယ်တော့ငါ ရောက်ဖြစ်တုန်းက ဖုံးကင်မရာ နဲ့ လက်ဆော့
ခဲ့တဲ့ ဓါတ်ပုံ တချို့ကိုလောလောဆယ် မင်း- ကြိုကြည့်ရအောင်
စာတပုဒ် နဲ့ ဘလော့ပို့စ် တခု ဖန်ဆင်းလိုက်ပါတယ်။နောက်မှ..
အေးဆေးတွေ့ကြတာပေါ့ကွာ။

ပျော်ရွှင်ကျန်းမာ အစစ အဆင်ပြေနိုင်ပါစေ။
မင်း ရဲ့..ကိုကိုကြီး
ဖိုးကုလား
(ခေတ္တ-စင်္ကာပူ)












































ပြတိုက်တည်နေရာ.လိပ်စာ

National Museum of Singapore
93 Stamford Road Singapore 178897
OPENING HOURS
Singapore History Gallery
10am - 6pm, daily
(last admission, 5.30pm)

Singapore Living Galleries
10am - 8pm, daily
(last admission, 7.30pm)
Free admission from 6pm - 8pm, daily

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Thursday, January 7, 2010

ကျွန်တော့် ၂၀၁၀



မနေ့ညက..ကျွန်တော့်ဆီသို့
တိုးတိုးတိတ်တိတ် နဲ့ ဘယ်သူမှမသိအောင်
ပို့လာတဲ့အီးမေးလ်လေးတစ်စောင်ရဲ့မေးခွန်းကို
ယနေ့ ခုနှစ်ရက်သားသမီးများ ကြားအောင်
(သားရွှေနု)အမေ့လက်ရာ (ခေါ်)ခပ်ထုံထုံ
ငပိန်းဆိုတဲ့ကျုပ် ဤ ဘလော့ပေါ်၌ အော်လံ
ဟစ်လိုက်ပါသည်။ ။

(မှတ်ချက်။ ။ကာယကံရှင်၏ဆန္ဒအရ
သူ၏ အမည် အား သိချင်သူများရှိပါက ပြောပါမည်။)


“ကျွန်တော့်၂၀၁၀“

ခရစ္စမတ် မတိုင်ခင်ကတည်းက
ကောင်းခြင်းမင်္ဂလာနှစ်သစ်ဖြာ
ဝေဒနာ ဗျာပါ သောက တွေငြိမ်းပါစေ
ငွေ ၅၀၀၀ ကျပ်တွေ အထပ်လိုက်ထော(ပေါ)ပါစေ
အိမ်က မိန်းမ နဲ့ အဆင်ပြေပါစေ
KTV ကောင်မလေး နဲ့ ဆိုနိုင်ပျော်နိုင်ပါစေ
ကောင်းကင် က ဘုရား ကြည့်ရှူ စောင့်ရှောက်ပါစေ
ထုံးစံ အတိုင်း ဆုတောင်း ...။

မနှစ်က ပို့နေကျ SMS အတိုင်း
လက်တွေမြှောက်..ဖန်ခွက်ချင်းခေါက်(တိုက်)နေကျအတိုင်း
အသစ်အသစ်တွေဖြစ်ဖို့ အကျီင်္အသစ်တွေ
ကိုယ်စီဝတ်နေကျအတိုင်း
ခပ်ကိုင်းကိုင်းခါးတွေ ညွှတ်နေကျအတိုင်း
ရိုးသားခြင်းတွေ လွတ်ကျ နေကျ အတိုင်း
ယခင်ရှေးနှစ်က အတိုင်းပဲ..။

အသစ် မရှိရင် မဖြစ်လို့..
ရေးပြီးသား..ဝလုံးပေါ် ထုံးဖြူနဲ့ထပ်ဝိုင်း
မှိုင်းမိပြီးသား စိတ်ကို ကြပ်ခိုးကင်နေကျအတိုင်း
မနှစ်က လျှာအဟောင်းပေါ် “အသစ်“ဆိုတဲ့စကား
အကြိမ်တစ်ထောင်ရွတ် နေကျ အတိုင်း
ဒါပဲလေ...။

ဘုရားရှိခိုး မနှစ်က အတိုင်း
အသက်ရှူသံ တနှစ်က အတိုင်း
ရင်ခုန်သံ ဖရိုဖရဲ ဖြစ်နေကျအတိုင်း
အရိပ်မြင် လန့်နေကျ အတိုင်း
အကြွေးတွေ တရစ်တရစ် တင်နေမြဲ
ကတိတွေ အပ်ကြောင်းထပ်နေ ကျအတိုင်း
မျက်ကန်းအလင်းမဲ့နေရမြဲ
စာတစ်ပုဒ်က မနှစ်ကအတိုင်း..
ရွာတချို့က....
လူတချို့က...
သင်းမာလာဆွေ..က
အမေ့မျက်ရည် က..
အိမ်မက် တသီတသန်း က..
၂၀၁၀ က.............။ ။


ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပျော်ရွှင် အသစ်သစ်တွေ နဲ့ နှစ်သစ်ဖြစ်နိုင်ပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)